"Science is the Poetry of Reality."ပထမဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ကျုပ်က ပေါင်းသင်းဆက်ဆံရေးမှာ ဂွကျတဲ့ တစ်ကိုယ်တော် ကလေးမျိုးပေါ့၊ ဒါပေမယ့် ငယ်ငယ်ကတည်းက လောကကြီးက ကျုပ်ကို အဖော်ပြုနေတယ်လိုံ ခံစားရတယ်။ Science လို့ခေါ်တဲ့ သိပ္ပံ က လူတွေနဲ့ ဝေးနေတဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်ကမ္ဘာပဲ။ ကြယ်တွေက ကျွန်တော့် သူငယ်ချင်းတွေ။ လမင်းကြီးက ကျွန်တော့်ရဲ့ တစ်ဦးတည်းသောချစ်သူ။ ခင်ဗျားတို့လဲ သိမှာပါ။ ကျွန်တော့်ချစ်သူပုံကို facebook မှာ ခဏခဏတင်တယ်။ တစ်ရက်ရက်တော့ အတူတူတွဲရိုက်ပြီးတင်မှာပါ။
ကျုပ်ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ကမ္ဘာထဲမှာ ဒီလိုလွတ်မြောက်နေတာကြောင့်ကျုပ်ဆိုတဲ့ကောင်ကတော့ တကယ့်ကိုပဲ စပယ်ရှယ်ကြီးလို့ ခံစားရတယ်ဗျ။ အထီးကျန်ကြောင်တောင်တောင်လို့ မခံစားရဘူးဗျ။ လူအများစုက စာကျက်မယ်.. စီးပွားရှာမယ် ပြီးရင် သေမယ် ဒါပဲဒါပဲ ဖြစ်နေတဲ့ ဖြစ်တည်ခြင်း (၀ါ) ငြီးငွေ့ဖွယ် ဖြစ်နေခြင်းဆီက လွတ်မြောက်စေသဗျ။
ကျုပ် ၁၁ နှစ်သားကတည်းက science ကိုစိတ်ဝင်စားတယ်။ science လို့ ပြောရင်နည်းနည်းများ ကြီးကျယ်သွားမလား။ ထားပါတော့။ ဒီ လောကကြီးရဲ့ ဖြစ်စဉ်တွေပေါ့ဗျာ။ ပြီးတော့ ကမ္ဘာပေါ်မှာ ပဟေဌိဖြစ်နေတဲ့ သမိုင်းတွေ။ ကျုပ်က ရှေးဟောင်းသုတေသနကိုလဲ စိတ်ဝင်စားတယ်။ မန္တလေးတုန်းက ရပ်ကွက်ထဲက ကျုပ်ရဲ့ငယ်ပေါင်း အစ်ကိုကြီးတစ်ယောက်နဲ့ပဲ စာအုပ်တွေဖတ်ပြီးတော့ အိန္ဒု မြစ်ဝှမ်းကျောက်စာကို ဖော်မလို့တောင် စိတ်ကူးယဉ်ဖူးသေးတယ်၊ ဒီကျောက်စာဟာ ကမ္ဘာပေါ်မှာ အဓိပ္ပာယ် မဖော်ရသေးတဲ့ တစ်ခုတည်းသောကျောက်စာ။ ရှေးကျတဲ့ လေ့လာချက်တွေအရ သင်္ကေတ 0 ရဲ့ အဓိပ္ပာယ်ဟာ ဆူမာရီးယန်း ဘာသာမှာ ဆိတ် သို့မဟုတ် သိုးတဲ့။ ယူဒူလို့ အသံထွက်တယ်။ အိန္ဒိယတောင်ပိုင်းမှာလဲ ယူဒူက ဆိတ်ပဲ။ ပြတိုက်တစ်ခုမှာလဲ သင်္ကေတ 0 ရဲ့ဘေးမှာ ဆိတ်ပုံကိုတွေ့လိုက်တော့ ဒါဟာအတူတူဖြစ်မယ်ပေါ့။ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်တွေပေါ့ဗျာ။
ကျုပ် သစ်ခွစိုက်ဖို့လဲ ကြိုးစားသေးတယ်။ ကျုပ်အမေမွေးတဲ့မြို့ နောင်ချိုမြို့မှာ။ သိလား.. ရှမ်းပြည်မြောက်ပိုင်းကလေ။ မအောင်မြင်ပါဘူး။
ပြီးတော့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလဲ စိတ်ဝင်စားတယ်။ ငယ်ငယ်တုန်းက Jurrasic Park ကားကြည့်ပြီးတော့ ရူးတာ။ ပြီးတော့ science အကြောင်း စာအုပ်တွေ။ မလွတ်တမ်းဖတ်တယ်။ အဲ့လိုစာအုပ်တွေ တွေ့ရင်ကို မရိုးမရွနဲ့။ တာဝန်ကြီးတစ်ခုလို ခံစားရတယ်။ ဘယ်အချိန်နေနေ ကြိုးစားပြီးဖတ်တာပဲ။ တက်စ်လာ၊ အိုင်းစတိုင်း၊ နယူတန်၊ ချားစ်ဒါဝင်၊ ဒါဗင်ချီ စတဲ့ သိပ္ပံ ဘိုးအေကြီးတွေ ရဲ့ အကြောင်းတွေ ဖတ်ရတယ်။ အဲ့ဒီမှာ ကျုပ်အတွေးက ပုံမှန်မဟုတ်တော့ဘူး။ ရူးသွားရော။ အားကျတာလေ။
၉ တန်းတုန်းက ကျောင်းက chemistry lab ထဲမှာ လျှောက်လုပ်ဖူးတယ်။ ဆရာမလစ်တုန်း။ မီးစွဲနေတဲ့ မဂ္ဂနီဆီယမ်ပြားလေးကို ရေထဲ ချကြည့်.. မီးဆက်လောင်နေတယ်။ မဂ္ဂနီဆီယမ်ပြားက ရေထဲမှာ ရှိတဲ့ အောက်ဆီချင်ကို ဆုပ်ယူတာကိုးဗျ။ ဗီးနပ်ထောင်ချောက်ပင်ရဲ့ ပါးစပ်ထဲကို သကြားနဲ့ အသားတွေ ထည့်ကြည့်တယ်။ ဘယ်အရာက ပါးစပ်ပိတ်အောင် လုပ်တာတုန်းလို့ ကြည့်တယ်။ အပင်တစ်ပင်ကို ရေလောင်းဖို့ မေ့တယ်ဆိုပါတော့.. တစ်ပင်လုံးမငြိုးခင် အရွက် တစ်ရွက်ပဲ စငြှိုးတယ်။ ဘာကြောင့်လဲဗျ။ ဒါဟာ ရေကိုထိန်းဖို့လုပ်တဲ့ အပင်ရဲ့ အလွယ်နည်းလား။ ပုရွက်ဆိတ်တွေက သကြားကိုစားတော့ ဆခရင်ကိုကော စားလား စမ်းကြည့်သေးတယ်။ ဆခရင် မော်လီကျူးဟာ ကျုပ်တို့လျှာက အရသာခံ အဖူးလေးတွေကို အရူးလုပ်သလို သူတို့ကိုရော လုပ်နိုင်လားလို့ သိချင်တာနဲ့။
သိပ္ပံ က ၀ိတိုရိယ ခေတ်က စခဲ့တယ်ထင်တာပဲ။ စွန့်စားခန်းကြီးတစ်ရပ်အနေနဲ့။ ကမ္ဘာအသစ်တွေ ပွင့်ထွက်သလိုပဲဗျ။ ကနဦးရှာဖွေသူတွေက လူတွေနဲ့ တော်တော်ကို ပုံစံတူနေတဲ့ မျောက်ကြီးတွေ ရှိတယ်ဆိုတဲ့ ကောလဟလကို ပထမဆုံးအနေနဲ့ကြားတယ်ဆိုပါတော့ဗျာ။ သူတို့ဟာဘယ်လောက်တောင် တုန်လှုပ်သွားကြမလဲ။ အဲဒီသတ္တ၀ါတွေဟာ လူပြောင်းကာနီးသတ္တ၀ါကြီးတွေ မဟုတ်လား။(ကျွန်တော်ကတော့ ဒါဝင်ရဲ့ မျိုးဆင့်ပြောင်းလဲခြင်းကို လုံးဝလက်ခံတယ်။) နောက် ဇာမဏီငှက်ကြီးတွေ တွေ့မယ်ဆိုရင်ကောဗျာ။ သစ်ကုလားအုပ်ရဲ့ လည်ပင်းရိုးဟာ စာကလေးရဲ့ လည်ပင်းရိုးနဲ့ အရေအတွက် အတူတူပဲ၊ ဒါ မျိုးဆင့်ပြောင်းလဲခြင်း (evolution) ဖြစ်ထားတာဆိုရင်ကောဗျာ။ ဟိုတစ်လောက ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်။ ၁ ပေလောက်ရှည်တဲ့ သစ်ခွပန်းတစ်မျိုးတွေ့တယ်တဲ့။ ဒီလိုဆို ဒီသစ်ခွကို စုပ်ဖို့ နှုတ်သီးတော်တော်ရှည်တဲ့ ပိုးဖလံ တစ်မျိုး ရှိဆဲ သို့မဟုတ် ရှိခဲ့မယ်ဆိုရင်ကောဗျာ။ မနုဿဇေဒပညာရှင်တွေက ၄ ပေလောက်ပဲ အရပ်ရှည်တဲ့ ပစိဂမီ တွေ့တယ်။ ပစ်ဂမီတွေက ကမ္ဘာမှာ အရပ်ရှည်ဆုံးဖြစ်တဲ့ ၀ါတူဆီ လူမျိုးတွေ နဲ့ မိုင်တစ်ရာ အတွင်းမှာပဲ တွေ့ခဲ့တယ်ဆိုရင်ကောဗျာ။
နည်းပညာဟာလဲ စိတ်ကူးစိတ်သန်းတွေလိုပဲ science ကို မောင်းနှင်တာလို့ ယုံကြည်တယ်။ မိုက်ခရိုစကုပ်၊ တယ်လီစကုပ် စသည်ဖြင့်စဉ်းစားကြည့်ပေါ့။ ဒါပေမယ့် တယ်လီစကုပ်နောက်က ကြည့်တဲ့ မျက်လုံးက ပိုအရေးကြီးတာဗျ။ ဂယ်လီလီယိုရဲ့ အရင်က လူပေါုင်းများစွာ တယ်လီစကုပ်ကြည့်ဖူးတယ်။ ဂယ်လီလီယိုကပဲ မြေပြင်ကိုမကြည့်ပဲ မိုးပေါ် ကို စ ထောင်ပြီးကြည့်ခဲ့တာ။
ပြီးတော့ တစ်ချက်။ ခင်ဗျားတို့ ယုံလား။ ဂြိုလ်သားတွေ ရှိတယ်ဆိုတာ။ ယုံတာမယုံတာ အပထား။ ကျုပ်ပြောတာ နားထောင်ကြည့်။ စကြာဝဠာထဲမှာ ကြယ်အစင်းပေါင်း အနည်းဆုံး 70 thousand million million million(70 sextiliion or 7*10^22) ရှိတယ်ဗျ။ ဒါကြယ်တွေနော်။ ကျုပ်တို့ရဲ့ တစ်လုံးတည်းသော နေမင်းလို ကြယ်တွေ။ ကျုပ်တို့ ကမ္ဘာလို ဂြိုလ်အရေအတွက်ကိုတော့ စဉ်းစားသာကြည့်တော့ဗျာ။ အဲ့ထဲမှာ ဒီ planet earth ခေါ်တဲ့ ကမ္ဘာတစ်လုံးတည်းသာ သက်ရှိရှိနိင်လား။ ပြီးတော့ ဂြိုလ်သားတွေက ကျုပ်တို့ ကမ္ဘာထက် နှစ်သန်းပေါင်းချီပြီး ရှေ့ ရောက်နေမယ်ဆိုရင်ကောဗျာ။ စကြာဝဠာရဲ့ သက်တမ်းက ၁၃.၆ ဘီလီယံ နှစ်။ ကမ္ဘာရဲ့ သက်တမ်းက ၄.၆ ဘီလီယံ နှစ်။ မီလီယံဆိုတဲ့ နှစ်က စကြာဝဠာရဲ့ သက်တမ်းနဲ့ ယှဉ်လိုက်ရင် လုံးဝ ပျောက်သွားမယ်လေ။ Neglect လုပ်လို့ရလောက်အောင်ကို နည်းတယ်ပေါ့ဗျာ။ တကယ်လို့ ဂြိုလ်သားတွေသာ ကမ္ဘာပေါ် ရောက်လာမယ်ဆိုရင် ကျောက်ခေတ်က လူနဲ့ အနာဂတ်ခေတ်ကလူနဲ့ နည်းပညာကွာသလို လူသားတွေနဲ့ ကွာခြားနေလိမ့်မယ်။ ပြီးတော့ ဂြိုလ်သားတွေဝင်လာမှသာ ဒီလို တစ်ကွဲတစ်ပြားဖြစ်နေတဲ့ ကမ္ဘာကြီး စည်းလုံးသွားနိုင်လိမ့်မယ်။ ဒီလိုအတွေးတွေ။
ဒါတွေ ဘာလို့ ကျုပ်ပြောနေသလဲ သိလား။ ကျုပ် ၈ နှစ်သားက နောင်ချိုမြို့ရဲ့ကောင်းကင်မှာ တစ်ခါ၊ ၂၀၁၂ ခုနှစ်တုန်းက မန္တလေး-မြင်ခြံလမ်းပေါ် ကောင်းကင်မှာ တစ်ခါ UFO နဲ့ ဂြိုလ်သားတွေကို နှစ်ခါတိတိ မြင်ဖူးတယ်ဆိုရင်ကောဗျာ။
တော်ပြီ။ ခင်ဗျားကိုသနားလာပြီ။ ဆက်ပြောရင် ခင်ဗျား ကျုပ်လိုရူးသွားတော့မယ်ဆိုတာ သိတယ်။ အေး..... ရူးချင်တယ်ဆိုရင်တော့ ၀၉ ၂၀၅ ၃၇၃၉ ကိုဆက်လိုက်။ ပြီးရင် ကျုပ်အိမ်လာ... ဆက်ပြောကြမယ်။
သာထက်အောင်
မိုက်တယ် .... ရင်ဘတ်ချင်းတူတယ် ...
ReplyDeleteတော်ပါသေးရဲ့ ... ကျုပ်တို့နောက်ပေါက်တွေမှာ ... (အထူးသဖြင့်မြန်မာ့လူမှုဝန်းကျင်မှာ ) ဒီလိုဖောက်ထွက်တတ်တဲ့မျိုးဆက်တိမ်ကောသွားပြီလားလို့ စိုးရိမ်နေမိတာ ... ကျုပ်လဲခများလိုပဲ ရူးခဲ့ဖူးတယ် ... ခုလဲရူးဆဲ ... နောင်လဲရူးမြဲ ....
ReplyDelete